
Beach House's Bloom (ဂီတ)
မနေ့က အလုပ် လုပ်စရာလေးရှိလို့ မနက်စောစော အပြင်သွားရတယ်။ ကျွန်တော် လုပ်နေကြ အလုပ်ပါပဲ။ သူငယ်ချင်းတွေရဲ့ အလုပ်ရုံကို သွားပြီး သူတို့ ဆေးရိုက်ထားတဲ့ ဒီဇိုင်းအသစ်နဲ့ အင်္ကျီတွေကို ဓာတ်ပုံသွားရိုက်ပေးရမှာ။ မော်ဒယ်တွေ ဘာတွေနဲ့ မဟုတ်ဘူး။ အင်္ကျီသီးသန့်ပုံပဲ။ ကျွန်တော့် သူငယ်ချင်း လင်မယားနဲ့ စကားလေး ဘာလေး ပြောပြီး ကျွန်တော့် အလုပ်ကို စလုပ်တယ်။ နေ့လယ်ရောက်တော့ နေ့လယ်စာ စားတယ်။ ပြီးတော့ ဓာတ်ပုံတွေ ပြန်ရိုက်တယ်။ နေ့လယ် (၂) နာရီလောက်မှာ အင်္ကျီတွေ အားလုံးအတွက် ဓာတ်ပုံတွေ လုံလုံလောက်လောက် ရိုက်လို့ ပြီးသွားတယ်။ သူတို့လင်မယားက ကျွန်တော့်မှာ ဘာအစီအစဉ် ရှိသေးလဲ မေးတယ်။ ဆိုလိုတာက တစ်နေရာရာကို သွားဦးမှာလားလို့ ဆိုလိုတာ။ သွားစရာ မရှိရင် ဒီမှာ အေးဆေးနေနေလည်း ရတယ်လို့ သူတို့က ဆက်ပြောတယ်။ ကောင်းသားပဲလို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ အလုပ်ရုံထဲမှာ ရှိတဲ့ ကွန်ပျူတာဆီ သွားပြီး Beach House ရဲ့Bloom ဆိုတဲ့ အယ်လ်ဘမ်ကို ဖွင့်တယ်။ ကျွန်တော် နားထောင်တယ်။ နားထောင်ရင်း အဲဒီအယ်လ်ဘမ် အကြောင်း ရှာဖတ်ချင်စိတ် ဖြစ်လာတာနဲ့၊ အဲဒီ ကွန်ပျူတာမှာပဲ websites တွေကနေ ရီဗျူး နည်းနည်းပါးပါး ရှာဖတ်ကြည့်တယ်။ ဒီအယ်လ်ဘမ်က ၂၀၁၂ မှာ ထွက်ခဲ့ပြီး Beach House ရဲ့စတုတ္ထမြောက်အယ်လ်ဘမ် ဖြစ်တယ်။ ရီဗျူးမှာ ရေးထားတာက Bloom အယ်လ်ဘမ်က ကောင်းလွန်းတော့ အားပေးတဲ့သူ တစ်ယောက်အနေနဲ့ ဒီလို အရသာရှိတဲ့ သီချင်းတွေနဲ့ ကျော်ကြားလာတာကို ဂုဏ်ယူပေမယ့်၊ တချိန်တည်းမှာပဲ သူတို့ (Band) အတွက်လည်း စိုးရိမ်စိတ်လည်း ဖြစ်မိပါတယ်တဲ့။ ဘာလို့ဆို ဒီထက် ပိုကောင်းတဲ့ သီချင်းတွေကို ထပ်ပြီး သူတို့ ဖန်တီးနိုင်ပါ့မလားပေါ့။ Beach House ကိုယ်တိုင်ကလည်း သူတို့ Music Style ကို တစ်သက်လုံး ပြောင်းလဲမဲ့သူတွေ မဟုတ်ဘူး။ သီချင်းတွေက နက်ရှိုင်းတယ်။ သီချင်းတိုင်းက စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ခံစားချက်တွေကို သူက တီးလုံးတွေ၊ စာသားတွေနဲ့ အတွေးထဲမှာ မြင်ယောင်လာအောင် ခြယ်မှုန်းပြတယ်။ နားလည်လွယ်တဲ့ စကားလုံးတွေကို အသုံးပြုထားပြီး နားလည်ဖို့ မလွယ်တဲ့ အဓိပ္ပါယ်တွေကို ဖွင့်ဆိုတယ်။ ချစ်ခြင်းတရားတွေ အငွေ့ပျံမသွားနိုင်တဲ့ အချိန်ကာလတစ်ခုဆီ ခေါ်ဆောင်သွားပြီး၊ အဲဒီမှာ စိတ်ရှိသမျှ နေလေရော့ဆိုပြီး ပစ်ချသွားသလို။ ရယ်ရလည်း ခက်။ ငိုရလည်း ခက် အခြေအနေ။ ကျွန်တော် ခဏနေတော့ သီချင်းတွေ ခဏရပ်ပြီး ဘီယာ ထွက်ဝယ်တယ်။ ပြန်ရောက်တော့ သူငယ်ချင်း လင်မယားနဲ့ သာကြောင်း မာကြောင်း စကားခဏပြောတယ်။ လက်ရှိ အလုပ်နဲ့ ဆက်စပ်နေတဲ့နယ်ပယ်က သတင်းအချက်အလက်လေးတွေ ကျွန်တော်တို့ ဝေမျှကြတယ်။ ပြီးတော့ ကျွန်တော် တစ်ယောက်တည်း Rooftop ဘားတစ်ခုကို ဆက်သွားတယ်။ ဘီယာ တစ်ခွက်မှာပြီး ကျွန်တော် နားကြပ်တပ်လိုက်တယ်။ Beach House က ကျွန်တော့်ကို သူခေါ်သွားနိုင်တဲ့ အချိန်ကာလတစ်ခုဆီ ခေါ်ဆောင်သွားတယ်။ သူ့ခရီးမှာ လိုက်ပါရင်း အတိတ်မှာ ကြုံခဲ့တဲ့ ပျော်ရွှင်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း ခံစားနေရတယ်။ ကျွန်တော်က လေထဲမှာ လွင့်ပါနေတာလား၊ ချောက်နက် တစ်ခုထဲ ပြုတ်ကျနေတာလား ကျွန်တော် ဝေခွဲမရဘူး။ တစ်ခါ ပန်းခင်းထဲမှာ အမောဖောက် အသက်ထွက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် မွှေ့နေသလိုလည်း ခံစားလာရတယ်။ အင်္ဂလိပ်စာသားတွေ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သီချင်းစာသားတိုင်းကို အသေးစိတ် နားလည်နိုင်စွမ်းတော့ မရှိပါဘူး။ ဒါပေမယ့် ဘုရားစာတွေကို နားမလည်သလိုမျိုးပဲ။ ဒါပေမယ့် Beach House ရဲ့သီဆိုဟန်က အဲဒီ နားမလည်တဲ့ ဘုရားစာကိုပဲ ချစ်သူတွေလို အတူတူ ရွတ်ဆိုပြီး ဘယ်မှာ ရှိမှန်းမသိတဲ့ တစ်စုံတစ်ခုကို တိုင်တည်ဆုတောင်းနေသလိုမျိုးပဲ။ ကျွန်တော် ထိုင်ခုံမှာ ထိုင်ပြီး ဘီယာသောက်နေပေမယ့် ကျွန်တော် ထိုင်နေတယ်လို့ မခံစားရတော့ဘူး။ တချိန်တည်းမှာ ထနေတယ်လို့ မခံစားရတော့ဘူး။ အိမ်ပြန်ရောက်တော့လည်း ကျွန်တော် ထပ်နားထောင်တယ်။ သိသူရော၊ မသိသူရော အနားမှာ ဘယ်သူမှ မရှိတော့တဲ့အချိန်မှာ နားထောင်တော့ ကိုယ့်ကိုယ်ကိုယ် ရိုက်စစ်နေသလိုမျိုး ဖြစ်လာပြန်တယ်။ ညနေခင်းက ခံစားရတဲ့ ပျော်ရွှင်ခြင်းတွေက ချီးမြှောက်မှုတွေ ဖြစ်လာပြီး ဝမ်းနည်းစရာတွေက ပြစ်ချက်တွေ အဖြစ် ပြောင်းလဲသွားတယ်။ အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ပန်းတွေနဲ့ပေါက်ပြီး ရယ်မောလိုက်။ ကိုယ့်ကိုယ်ကိုယ် ကျောက်ခဲတွေနဲ့ ပေါက်ပြီး ငိုကြွေးလိုက်နဲ့ တစ်ယောက်တည်း အိမ်မှာ ငုတ်တုတ်ကြီး ထိုင်နေမိတယ်။ Beach House သီချင်းတွေကတော့ လွင့်ပျံနေတာပေါ့။ ဒါပေမယ့် အဲဒီညက တော်တော်တော့ အိပ်လို့ကောင်းတယ်။